Monday 12 December 2011

တောဘုန်းကြိးနဲ့ ကျောင်းသားများ


သီတင်းကျွတ် စာဝါခဏပိတ်ထားလို့ ရွာအလည်ပြန်သွားတော့ ဆရာသမားကလည်း အလှူတခုကြွတာနဲ့ ကျောင်းရှိကိုရင်လေးကျောင်းသားလေးများကိုအုပ်ချုပ်ခွင့်အာဏာကုန်လွှဲပေးထားခဲ့တာပေါ့ ။ နေ့ဆွမ်းစားပြီး ကုဋင်ပေါ်ခဏအနားယူရင်း မဂ္ဂဇင်းတစ်အုပ်ဖတ်နေတုန်း ကျောင်းသားလေးတစ်ယောက်ကပြေးလာပြီး အော်ကြီးဟစ်ကျယ်နဲ့လှမ်းလျှောက်တယ်  ဦးဇင်းဘုရား ဦးဇင်းဘုရား ဖိုးလုံးနဲ့ ဂွတိုတို့ရန်ဖြစ်နေကြတယ်ဘုရား ! အေးအေး ဘာလို့ရန်ဖြစ်ကြတာလဲကွ ဆိုတော့ ဘုရားဆွမ်းတော်ပွဲလုကောက်ကြရင် ရန်ဖြစ်ကြတာဘုရား ! ဟေ ! အေးအေး ရန်ဖြစ်တဲ့ကျောင်းသားနှစ်ယောက် ဒုတ်ကိုယ်စီကောက်(ရှာ)ပြီး လာခဲ့ကြလို့ ပြောလိုက်ကွာ ။နေဦးနေဦး ကိုရင်ကျောင်းသားအားလုံးလည်းလာခဲ့ကြဦးလို့ ပြောလိုက်  ဒီကောင်တွေကလည်း ရီတော့ရီရတယ် သူတို့ကိုအပြစ်ပေးဖို့ ဒုတ်ရှာခဲ့ဆိုရင်
ဒုတ်ကိုသေးပေ့ဆိုတာလေးတွေမှရွေးကောက်လာတတ်ကြတယ် ဟုတ်တယ်လေ ဒုတ်ကြိးကြီးနဲ့ရိုက်ရင် သူတို့နာမယ်လို့တွေးကြလို့ပေါ့ ကိုယ်ငယ်ငယ်ကအတိုင်းပဲ ။တိုက်တိုက်ဆိုင်ဆိုင်ဗျာ ငယ်ငယ်ကလည်း ဒီလိုပဲဆွမ်းတော်ပွဲကိုလုစွန့်ကြရင်း ကျောင်းသားကြီး ငမင်းနဲ့ရန်ဖြစ်ကြလို့ ဆရာတော်ကကြိမ်နဲ့ဆော်ခံထိဖူးတာ သတိရလိုက်မိတယ်  ဒါပေမယ့်ဒီကလေးတွေကို  ကိုယ့်ငယ်ကျိုးငယ်နာတွေ ပြန်ပြောပြလို့လဲမဖြစ်ဘူးလေ (ဟဲဟဲ )။
   အဲဒီငမင်းဆိုတဲ့ကောင်ကလည်းခုတော့ ပြောမနာဆိုမနာသူငယ်ချင်းကြီးပေါ့ ငယ်ငယ်တုန်းကဆို ကျောင်းသားတိုင်းကအော့ကြောလန်ကြတယ် ။ဘုန်းကြီးကကျောင်းသားကြီးဆိုပြီး ဗီတိုအာဏာပေးထားတော့ ဟင်းတွေပါတွေဝေငှပေးရင်  ရော့မင်းတစ်ဇွန်း မင်းတစ်ဇွန်းဆိုပြီး သူ့ကျအိုးလုံးခွက်လုံးမှောက်ချပစ်တဲ့ညစ်ကျယ်အကျင့်ကလည်းရှိသေးတယ် ။ မုန့်တို့ဘာတို့ဝေခိုင်းလိုက်ရင်လည်း ခါးဖုံကြားမှာသူ့အတွက်ဝှက်ထားတတ်သေးတယ် အားလုံးဝေပြီးမှ သူကငှက်ပျောသီးတို့ သရက်သီးတို့ခါးပုံကြားကနေထုတ်ပြီး အဝေမတတ်ရင် ဆရာငတ်မှာမို့ ချန်ထားတာပါကွ ဟဲဟဲဆိုပြီး ခိုးထားတာအငြိမ်မနေပဲ ထုတ်ကကြွားတတ်သေးတယ် ။ ငယ်ငယ်ကဆရာတော်က ဆွမ်းတော်ပွဲကိုအလှည့်ကျစွန့်ပြီး ဆေးခိုင်းပေမယ့် အလှည့်ကျတဲ့ကောင်က ဦးတဲ့ကျောင်းသားကစွန့်ယူသွားလို့ဆွမ်းတော်သပိတ်နဲ့ ခွက်ပဲဆေးရတော့တာပဲ။ ကိုယ်စွန့်ရမယ့်အလှည့်ဘုရားရှေ့ရောက်လို့ဝတ်ချနေတုန်း ဒီကောင်ကအသာမပြေးလို့ လိုက်ထိုးရင်းရန်ဖြစ်ပြီး ဆရာတော့်ကြိမ်စာမိတော့တာပဲ  ။ အင်းလေ ဒါတွေထားလိုက်ပါတော့    ကျောင်းသားကိုရင်တွေ မျက်စိအကျဆုံးအစားအစာ ဘာတုန်းလို့ သူတို့သွားမေးရင် hundred percent တိကျတဲ့အဖြေပေးကြမှာက ဘုရားဆွမ်းတော်ပွဲပါပဲ ဘာကြောင့်လည်းဆိုတော့  ရွာထဲရပ်ထဲက ချက်ကြတဲ့ကောင်းပေ့ဆိုတဲ့ဟင်းမယ်လေးတွေကို ရွာဦးကျောင်းပို့လှုကြတယ်လေ ၊ရွာဦးကျောင်းရောက်လာပြန်တော့လည်း ကောင်းနိုးရာရာဟင်းလေးတွေရွေးပြီး ဆရာတော့ဝိုင်းအတွက်ပြင်ပေးကြရတာ ဆရာတော်မဘုဉ်းပေးခင် ဘယ်သူမှလည်းမစားရသေးခင် ဦးတကာ့ ဆွမ်းဥိး ဟင်းဦး အကောင်းဆုံးမုန့်ပဲသွားရည်စာတွေမှရွေးပြီး မြတ်စွာဘုရားအတွက်ဆွမ်းတော်လိုက်ကောက်ပြီးတင်ကြရတာဆိုတော့ ရသာစုံနတ်သုဒ္ဓါပွဲလိုဖြစ်နေတာပေါ့ ။
     ဒါနဲ့စပ်မိလို့ ပုံပြင်တစ်ပုဒ်လည်းသွားသတိရလိုက်မိသေးတယ် ။ ရွာဦးကျောင်းတစ်ကျောင်းမှာ ဘုန်းကြီးနဲ့ဦးသူတော်နှစ်ယောက်ပဲရှိကြသတဲ့လေ ။ဘုန်းကြီးကဆွမ်းခံပြန်လာလို့ ပါလာတဲ့ဟင်းကောင်းတွေမှန်သမျှ ဦးသူတော်ကသူစားရအောင်ဘုရားဆွမ်းတော်ထဲအကုန်ထည့်ကောက်သတဲ့ ဘုဉ်းကြီးဆွမ်းစားပြီးတာနဲ့ဦးသူတော်ကဆွမ်းတော်ပွဲကောက်တီးတော့တာပဲ ဟဲဟဲ ၊ကြာတော့ဘုန်းကြီးလည်းဦးသူတော်ကိုလည်းခံပြင်း ဆွမ်းတော်ပွဲကောက်တာဆိုတော့လည်းဘာမှပြောမရဆိုတော့ ဦးသူတော်ဆွမ်းတော်ပွဲကောက်တဲ့နားလာပြီး အင်း အင်း သူ့ဖအေကျ သိတတ်လိုက်တာဗျ လို့ ပြောလိုက်သတဲ့လေ J
         အင်း လေရှည်နေတာနဲ့ ရွာဥိးကျောင်းကကလေးတွေအကြောင်းအစပျောက်သွားမှာစိုးရသေးတယ်။
ကျောင်းသားကိုရင်တွေရောက်လာတော့ အားလုံးဝိုင်းထိုင်ခိုင်းလိုက်တယ် အေးအေး မင်းတို့အားလုံးခေါ်တာကအခြားမဟုတ်ဘူးကွ ငါငယ်ငယ်ကလည်းမသိနားမလည်သေးတော့ ခဏတာကောင်းကောင်းလေး စားရတာလေးသဘောကျလို့ မင်းတို့လိုပဲ ဆွမ်းတော်ပွဲလုခဲ့ကြတာပဲ မင်းတို့ကောင်တွေလက်ထက်ထိ ဘုန်းကြီးကျောင်းသားတွေရဲ့ လက်ဆင့်ကမ်းအစဉ်လာတစ်ခုလိုဖြစ်နေပြီ ဒါပေမယ့် မင်းတို့ကိုဒီနေ့တော့ဦးဇင်းပုံပြင်ပြောပြစရာရှိတယ်ကွ ပြီးမှဒီကောင်တွေအပြစ်ပေးတာပေါ့ ။
           ဟိုနှစ်ကောင်လည်း မျက်ခုံးတွန့်သွားတာ မြင်မိအောင်မြင်လိုက်ရသေးတယ် ။ရိုက်ချင်လို့တော့မဟုတ်ဘူးလေ ချီးမြှောက်သင့်သူချီးမြှောက်ပြီး အပြစ်ပေးသင့်တဲ့သူလည်းပေးရတာပေါ့ ဒါမှကလေးတွေလိမ္မာလာကြမှာကိုး ကိုယ်တောင်ငယ်ငယ်ကဆရာတော်ထက်ကြိမ်ကိုပိုကြောက်ခဲ့ရတာ( ဟီး )။ မင်းတုန်းမင်းကြိးငယ်က ဆရာတော်ကငါးခြောက်ပြားသိမ်းခိုင်းထားတာ ပျောက်သွားတော့ တိုင်းပြည်အုပ်ချုပ်မယ့်နင်က ငါးခြောက်လေးတစ်ပြားတောင်လုံခြုံအောင်မသိမ်းနိုင်ရလားဆိုပြီး ကြိမ်နဲ့ဆော်ထည့်တာ နနွင်းသိပ်ယူရဆိုပဲ ဟဲဟဲလက်သံကလည်းပြောင်ပါ့။ အင်းကျုပ်ကလေးတွေတော့ အဲလောက်လည်းလုပ်ရဲပါဘူးဗျာ တော်ကြာမှ သူတို့မိဘတွေက လူရိုက်တာလားနွားရိုက်တာလားဆိုပြီး ဓားဆွဲပြီးကျောင်းရောက်လာမှာလည်းစိုးရသေးတယ်ဗျ။
           အေးအေး မင်းတို့ကိုပြောပြမယ့်ပုံပြင်က အကြောင်းတိုက်ဆိုင်တာနဲ့ အနော်ရထာဘုရင်ကြီးနဲ့ မနူဟာမင်းကြီးအကြောင်းပြောပြမလို့ပဲ ၊ ကလေးတွေလည်း ပုံပြင်ဆိုတာနဲ့ ဟာဦးဇင်း ပြောပြပြောပြဖြစ်ကုန်ရော ဟိုနှစ်ကောင်တောင်မျက်လုံးလေးကလည်ကလည်နဲ့ဘာအကြောင်းပါလိမ့် သူတို့နဲ့ဘယ်လိုပတ်သတ်နေပါလိမ့်နဲ့ စိတ်ဝင်စားလာကြတယ် ။ ဦးဇင်းက အနော်ရထာနဲ့ မနူဟာမင်းကြီးအကြောင်းပြောမယ်ဆိုတော့ ငါကအနော်ရထာမင်းကြီးနေရာကလား မနူဟာမင်းကြီးနေရာကလားမသိလို့များ တွေးနေကြမလားပဲ….။ အေးကွ မနူဟာမင်းကြီးက ဗုဒ္ဓဘာသာကိုးကွယ်ပြီး သူ့နိုင်ငံသားတွေကိုလည်း သူ့လိုဗုဒ္ဓဘာသာကိုးကွယ်ခိုင်းတော့ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေနဲ့ သူ့နိုင်ငံလည်း တည်ငြိမ်အေးချမ်းပြီး သာယာဝပြောနေတာပေါ့ ။ အဲဒီသတင်းကိုအနော်ရထာဘုရင်ကြိးကကြားတော့ သူနဲ့သူ့နိုင်ငံလည်း ဗုဒ္ဓတရားတော်အတိုင်းလိုက်နာကျင့်သုံးချင်တာနဲ့ ပိဋကသုံးပုံကိုမနူဟာမင်းကအခုလာဆက်ရမယ်လို့စာပို့လိုက်သတဲ့လေ ဟိုမနူဟာဆိုတာက အောက်ပိုင်းကရာမညတိုင်းဆိုတဲ့မွန်လူမျိုးတွေနေတဲ့နေရာမှာပေါ့ အနော်ရထာကတို့အညာဘက်ကပုဂံပြည့်ရှင်ဘုရင်ကြီးပေါ့ သိကြတယ်မို့လားဆိုတော့ ။ကျောင်းသားတစ်ချို့ကသိတယ်သိတယ်နဲ့ ၀ိုင်းအော်ကြတယ် ။အေးအေး ရှုး ဆူရင်ပုံပြင်ဆက်မပြောတော့ဘူးနော်ဆိုတော့မှ ဟဲဟဲ ဦးဇင်းဆက်ပြောလို့အော်ကြပြန်ရော ။
   အေးကွ မနူဟာမင်းကလည်း ဘုန်းတံခိုးအင်မတန်ကြီးမားတယ်တဲ့ သူစကားပြောလိုက်လို့ရှိရင် ခံတွင်းကနေတောင် အစိမ်းရောင်အလင်းတန်းကြီးထွက်တယ်ဆိုပဲ ။ကလေးတွေက ဟာတကယ်လားဦးဇင်းမြင်ဖူးချင်လိုက်တာ လို့ပြောကြပြန်ရော ။တကယ်လားဘာလားတော့ဘယ်သိမလဲကွ ငါလည်းတဆင့်ကြားဖူးတာ ဘုရားလက်ထက်ကလည်း စန္ဒဘမထေရ်တို့ဆို ချက်ကနေအလင်းရောင်တန်းကြီးထွက်နေတယ်ဆိုပဲ နောက်မင်းတို့ကြားဘူးတဲ့ပပ၀တီမင်းသမိးဆိုရင် ခုနစ်ဆောင်တိုက်ခန်းတောင် မီးမထွန်းပဲနဲ့လင်းသွားတယ်ဆိုတာတွေ ဇာတ်တော်တွေထဲမှာဖတ်ဖူးတယ်ကွ ဖြစ်နိုင်ပါတယ်လို့ပြောလိုက်ရတာပေါ့ ။ အေး အဲဒီမနူဟာဘုရင်ကြီးကလည်း အနော်ရထာမင်းကြီးရဲ့စိတ်ရင်းအမှန်ကိုမသိရတော့  မိစ္ဆာအယူတွေနတ်တွေဘာတွေကိုးကွယ်တဲ့ပုဂံပြည်ဆိုတော့
ပိဋကတ်တော်တွေပေးလိုက်ရင် ဖျက်စီးပစ်မှာစိုးပြီးမပေးနိုင်ကြောင်းစာပြန်လိုက်တာပေါ့ ။ဒီတော့ ပုဂံပြည့်ရှင်အနော်ရထာကလည်း ကျန်စစ်သား ငထွေးရူး ငလုံးလက်ဖယ် ညောင်ဦးဖီးဆိုတဲ့ သူရဲကောင်းတွေဦးဆောင်ပြီး စစ်တပ်ကြီးနဲ့ချီတက်ပြီး ရာမညတိုင်းကိုတိုက်ခိုက်သိမ်းပိုက်တာပေါ့ နောက်ပိဋကတော်တွေနဲ့ အရှင်အရဟံတို့ကိုပုဂံကိုပင့်ဆောင်ပြီးသာသနာပြုစေတာပေါ့ကွာ။ ဒါပေမယ့် မနူဟာမင်းကိုဖမ်းထားပြီး မင်းကြီးကသွားမတွေ့ရဲ စကားမပြောရဲဖြစ်နေသတဲ့လေ သူကခံတွင်းကဘာအလင်းရောင်မှမထွက်ဘူး မနူဟာမင်းက စကားပြောလိုက်ရင် အာခံတွင်းဝ ၀င်းဝင်းတောက်သလိုအလင်းတန်းကြီးထွက်နေလို့ပေါ့ ။ ဒီတော့မှ အနော်ရထာဘုရင်ကြီးလည်း မနူဟာမင်းရဲ့အာခံတွင်းက အလင်းရောင်တွေမထွက်အောင်ဘယ်လိုစီမံပြုလုပ်ရပါသလဲမေးတော့ ပုဏ္ဏားတွေက ဘုရားဆွမ်းတော်ကိုစွန့်ပြီး မနောလင်ပန်းထဲထည့်ပြီး သူ့ကိုကျွေးလိုက်ရင် ဘုဉ်းကံနိမ့်ပြီး ခံတွင်းကအရောင်တွေလည်းပျောက်သွားလိမ့်မယ်လို့လျှောက်ထားကြတာပေါ့ ။ဒါနဲ့ဘုရားဆွမ်းတော်ကိုစွန့်ပြီး မနောလင်ပန်းထဲမှာ ထည့်ပြီးမနူဟာမင်းကိုကျွေးလိုက်တော့ ဘုရားဆွမ်းတော်ကိုစားလိုက်မိတဲ့ မနူဟာလည်း ဘုဉ်းနိမ့်သွားပြီး ခံတွင်းကအလင်းရောင်တွေလည်းမထွက်တော့ဘူးတဲ့ကွ ။ ဒီတော့ကလေးတွေကလန့်သွားပြီး ဟာဦးဇင်းဘာလို့အဲလိုဘုဉ်းနိမ့်သွားရတာလဲဘုရား ဘုရားဆွမ်းတော်ကမစားကောင်းဘူးလား ?ယုတ်ညံ့တဲ့ထမင်းတွေမို့လားဘုရား ?စားတဲ့သူတိုင်းအဲလိုဖြစ်တာလားဘုရား?နဲ့တစ်ယောက်တစ်မျိုးမေးကြတာပေါ့ ။ မဟုတ်ဘူးကွ ဘုရားဆွမ်းတော်ဆိုတာက လူတစ်ကာတွေရဲ့ဆွမ်းဦးဟင်းဥိး စားဦးစားဖျားလေကွာ သာမန်ထမင်းမျိုးလည်းမဟုတ်ဘူး သီလ၀န္တသူတော်စင်သူတော်ကောင်းတွေကို ပရိယတ်ပဋိပတ်အလုပ်သာသနာပြုနိုင်ပါစေ သူတော်ကောင်းတရားထွန်းကားပါစေဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လှုထားကြတာကွ ။နောက်ပြီးကျောင်းရောက်လာတဲ့ဆွမ်းတွေဟင်းတွေထဲမှာလည်း ကောင်းပေ့မွန်မြတ်ပေ့ဆိုတာတွေရွေးကောက်ပြီး ဆွမ်းတော်တင်ရတာမဟုတ်လား ။ဒါ့ကြောင့်မင်းတို့တွေက အကောင်းဆုံးစားတော်ပွဲဆိုပြီး မျက်စိကျနေကြတာပေါ့ကွ ။အဲဒီဆွမ်းတွေထဲမှာ တကာတကာမတွေရဲ့ ယုံကြည်မှုသဒ္ဓါတရားတွေပါတယ် ။စေတနာမေတ္တာတွေပါတယ် ။နောက်ပြီးဆရာတော်လိုမထေရ်ကြီးတွေ ဘုန်းတော်ကြီးတွေထက်တောင်ဦးပြိး ဘုရားရှင်တွက်ကောက်ရတာပဲ ရည်ရွယ်ထားတာက လောကမှာအမြတ်ဆုံးဘုရားရှင်ကိုပဲကွ ။ အဲဒီဆွမ်းတော်ပွဲကအမှန်တကယ်တော့ ဘုရားရှင်ကလွဲပြီးဘယ်သူမှကိုမထိုက်တာပဲ ။ ဥပမာကွာ မင်းအတွက်ဝေစုထင်လို့မုန့်တစ်ခုကောက်စားလိုက်တယ်ဆိုပါတော့ စားနေဆဲတန်းလန်းမှာ တစ်စုံတစ်ယောက်ကအလန့်တကြားနဲ့ ဟာာာာာာ အဲဒါမင်းအတွက်မဟုတ်ဘူးကွ သူများမုန့်ဘာလို့စားရတာလဲဆို မင်းလည်နင်သွားမှာစိတ်ထဲမှာ အပြစ်တစ်စုံတစ်ရာရှိသွားသလိုခံစားလိုက်ရမှာအသေချာပဲပေါ့ ။
     ‘ဒါတော့ဟုတ်တယ်ဘုရာ့   ဒါတော့တပည့်တော်ကိုယ်တွေ့ကြုံဖူးတယ် ‘မောင်လင်းဆိုတဲ့ ကျောင်းသားငယ်လေးကထောက်ခံလိုက်တယ် ။ အေး တို့ကိုရင်ငယ်လေးတွေဆွမ်းမစားခင်ရွတ်ဖတ်ရတဲ့ ဆောင်ပုဒ်လေး မင်းတို့လည်းရမှာပေါ့ ‘ဤသည့်စားဖွယ် အမယ်မယ်ကိုမြူးရယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှါ မသုံးပါဘူး ….ဘာညာစတာတွေကွာ အေးအဲဒီရည်ရွယ်ချက်တွေမဟုတ်ပဲ အရသာရှိလို့ လှဖို့ဝဖို့ ဆော့ဖို့စားတယ်ဆိုရင်တော့  …ကဲ ကိုရင်စန္ဒနပြောပြစမ်းပါဦး ပရိဘောဂလေးမျိုးသရုပ်နဲ့အဓိပ္ပါယ်ကို ‘ကိုရင်ကလည်း စာတော်တဲ့ကလေးဆိုတော့ ချက်ချင်းဆိုပြနိုင်တယ်
   ၁။ထေယျပရိဘောဂ-ပစ္စည်းလေးပါးကိုခိုးယူ၍သုံးဆောင်ခြင်းဘုရား ။    အေးဘယ်လိုဟာက ခိုးယူစားသုံးတာလဲကွဆိုတော့ ။   မှန်ပါ -မိမိမှာသီလသမာဓိမရှိပဲ သီလ၀န္တတွေအတွက်ရည်ရွယ်လှုထားတဲ့ပစ္စည်းလေးပါးကိုသုံးဆောင်ခြင်းဘုရား။အေးဗျာ ဒါ့ကြောင့်မိမိမှာ ကိုရင်ဆိုလည်းကိုရင်သိက္ခာသမာဓိတော့ရှိမှဗျ ဒါမို့ဆို သူခိုးကြီးဖြစ်တော့မယ်။
   ၂။ နောက်တစ်ခုက ဣဏပရိဘောဂ=အကြွေးယူ၍ စားသုံးခြင်းဘုရား ။ ဘယ်လိုစားသုံးတာက အကြွေးယူစားသုံးတာလဲဆိုတာလဲ လင်းစမ်းပါဦးဆရာတော်လေးရဲ့ ။ ကိုရင်လေးကလည်း ဟဲဟဲနဲ့သွားတက်ကလေးပေါ်အောင်ရယ်လိုက်ပြီး  ဤသည့်စားဖွယ် အမယ်မယ်ကို…ဆိုတဲ့ဆောင်ပုဒ်ကိုမဆိုပဲ ပေစ္စ၀က္ခဏာမဆင်ခြင်ပဲ စားသုံးခြင်းဘုရား။  အေးကွ ဒါ့ကြောင့်ဆရာတော်ကြီးတွေကဆုံးမတာပေါ့ ပေစ္စ၀က္ခဏာမဆင်ခြင်ပဲ ပစ္စည်းလေးပါးကိုသုံးဆောင်ခဲ့ရင် အကြွေးယူစားသုံးသလိုဖြစ်ပြီး တရားအားထုတ်လည်းမရဘူး ။ လည်ထဲထွန်ထွန်ရတဲ့ခိုင်းနွားကြီးဖြစ်ပြီး သူ့အကြွေးပြန်ဆပ်ရတတ်တယ်လို့ ဆုံးမတော်မူတာပေါ့ကွ ။ အမှန်ကတော့ မိမိစားရခြင်းရဲ့ရည်ရွယ်ချက်ကိုအမှန်ရအောင် ဘုရားရှင်က မဘုဉ်းပေးမီ အဆင်ခြင်ခိုင်းခဲ့တာပေါ့ ဒါမို့ဆို အစားအသောက်ကနေ လောဘဒေါသတွေဖြစ်လာပြီးအပါယ်လေးဘုံကျပြီး ခွေးနွားကျက်ဝက်တွေဘ၀ပြန်ရောက်ရင် အဲဒီအစားသောက်အတွက်ပေးဆပ်ရသလိုဖြစ်လို့ အကြွေးသုံးဆောင်ခြင်းလို့ဆိုတာပေါ့ ။
     မင်းတို့ဟိုပုံပြင်လေးတစ်ပုဒ်ကြားဖူးလားမသိဘူး ..ဆရာတော်ကအသုဘတစ်ခုကြွတော့လယ်တောထဲကဖြတ်သွားရင်း လယ်သမားတစ်ယောက်ကခိုင်းမကောင်းတဲ့နွားကြီးကို ထန်းပိုးတုတ်နဲ့တစ်ဘုန်းဘုန်းရိုက်နေတာပေါ့ ။ဆရာတော်ကလည်း စိတ်မကောင်းလွန်းတော့ သည်းခံမှပေါ့တကာတော်ရယ် သူလည်းပင်ပမ်းရှာမှာပေါ့လို့ မေတ္တာတရားဟောတော့ ‘သည်းမခံနိုင်ပါဘူးဘုရား ပေစ္စ၀က္ခဏာမဆင်ခြင်လို့ နွားဖြစ်မှတော့ လယ်ထဲဆင်းပြီးရုံးရမှာကြောက်နေလို့ဖြစ်မလား ‘လို့ပြန်ပြောလိုက်သတဲ့လေ ။ ဆိုလိုချင်တာက ပေစ္စ၀က္ခဏာမဆင်ခြင်ပဲစားရင် နွားကြီးဖြစ်ပြီးအကျွှေးပြန်ပေးရတယ်လို့ဆိုလိုချင်တာပေါ့ကွာ ကဲ တို့ကိုရင်များလည်း ပေစ္စ၀က္ခဏာမဆင်ခြင်ပဲ စားရဲကြသေးလားကွ ။’ဟဲဟဲနွားဖြစ်မှာကြောက်တယ် နောက်ဆင်ခြင်စားတော့မယ်ဘုရား’ ဟဲဟဲ အခုမှလန့်မနေနဲ့ ကောင်း၏ကောင်း၏။
    ဟကိုရင်နောက်တစ်ခုကဘာတုန်းဟ မင်းဟာကနှစ်ခုပြီးသေးဆိုတော့
    ‘ ၃။ ဒါယဇ္ဇပရိဘောဂ =သီလ၀န္တတွေရဲ့ ဘုရားရှင်ပေးသနားတော်မူခဲ့တဲ့ အာမိသအမွေကိုခံစားသုံးဆောင်ခြင်းနဲ့
     ၄။သာမိပရိဘောဂ =အရိယာသူတော်စဉ်.ရဟန္တာအရှင်တွေရဲ့ ပိုင်ရှင်သည်မိမိပစ္စည်းဥစ္စာကိုမည်သူ့ဆီမှခွင့်တောင်းနေစရာမလိုပဲ အပြစ်ကင်းစွာသုံးဆောင်သကဲ့သို့ ပိုင်ရှင်အဖြစ်ဖြင့်သုံးဆောင်ခြင်းဘုရား ‘
    အေးဗျာ ငါ့ကိုရင်ကမှတော်လိုက်တာ မင်းကြီးရင်လူကြီးဖြစ်ဦးမှာ လူမထွက်ရင်တော့ ဆရာတော်ကြိးဖြစ်ဦးမှာ (အားလုံးဝိုင်းရီကြသည် )
    အေးကွ တို့ဘုန်းကြီးရဟန်းတော်တွေတောင်မှ သီလဖြူစင်ရင်ဖြူစင်ရော့ မဖြူစင်လို့ကတော့ ငါ့လူလို့ငါ့ဟာငါစားတာပဲ ဘာမှအပြစ်မရှိဘူးဆိုပြီး စားမရဘူးကွ မစားတတ်ရင်သဒ္ဓါရောပြွမ်းနေတဲ့ ထမင်းကြမ်းခဲကလည်း အဆိပ်ဖြစ်တတ်တယ်။ ဒါ့ကြောင့် ရဟန်းစားသောဆွမ်းတစ်နပ်တို့ ရဟန်းမစားသောဆွမ်းတစ်နပ်တို့ဆိုတဲ့ အထင်ကရဇာတ်လမ်းတွေရှိခဲ့ဖူးတာပေါ့ နောက်အကြောင်းတိုက်ဆိုင်မှမင်းတို့ကိုပြောပြဦးမယ်။
     ဒီတော့ အမြတ်တကာ့အမြတ်ဆုံးဆွမ်းတော်ပွဲကို နောက်သားငှက်တိရစ္ဆာန်တွေစားသောက်နေကြတဲ့ ဆွမ်းတော်စွန့်ရာပလ္လင်မှာတင်လိုက်တော့ အရပ်လေးမျက်နှာမှလာမယ့် သားရဲတိရစ္ဆာန်နာနာဘာဝတွေနဲ့ဆိုင်သွားပြန်ရောကွ အဲဒီဆွမ်းတော်ဆွမ်းထမင်းကိုမှမနူဟာကိုကြွေးလိုက်တော့ အလင်းရောက်တွေလည်းခံတွင်းကနေပျောက်သွားတာပေါ့ ။ ‘ဟာ ! တော်ပြီဘုရား တပည့်တော်နောက်မစားရဲတော့ဘူး ။စားလို့ရပါတယ်ကွ ဒါပေမယ့် စားတတ်ဖို့ အပြစ်မဖြစ်အောင်စားနိုင်ဖို့တော့လိုတာပေါ့ မိဘရဲ့ပစ္စည်းဥစ္စာကိုသားသမီးကသုံးတာပဲ ဒါပေမယ့် မိဘတွေကအဲဒါကြွေးအသစ်ချတာဆိုပဲ ဒါပေမယ့်ကင်းလို့လဲမရတော့သားသမီးများခမျာ စားကြသုံးကြရတာပေါ့ ဒီတော့မိဘတွေကိုကျေးဇူးပြန်ဆပ်ကြရတယ် ကျေးဇူးရှင်ကြီးတွေအဖြစ်နဲ့အမြဲတမ်းရင်ထဲမှာထားကြရတယ်လေ မင်းတို့လည်းဘုရားရှင်ရဲ့ပစ္စည်းလေးပါးကိုနေ့တိုင်းစားသုံးနေကြတာပဲ ဒီတော့သာသနာအတွက်အကြွေးတင်သွားတာအမှန်ပဲ သာသနာပြုရင်းနဲ့ပြန်ဆပ်ကြရတာပေါ့ မဆပ်နိုင်ခဲ့ရင်တောင်မှ ကျေးဇူးရှင်ကိုကျေးမစွပ်မိအောင် ။ကျေးဇူးတရားတွေကိုအမြဲအမှတ်ရနေနိုင်အောင် ဗုဒ္ဓါနုဿတိ ဘာဝနာစတာတွေနှလုံးသွင်းရတာပေါ့ကွ နောက်ဘုရားကျောင်းဆောင်သန့်ရှင်ရေးတွေလုပ်ရမယ် ပန်းမှိုက်တွေငြှိးနေရင်စွန့်ပစ်ဆေးကြောရမယ်လေ ဘုရားဝင်းထဲမြက်တွေပေါင်းတွေရှင်းရမှာပေါ့ ဒီတော့မှ မင်းတို့လုပ်အားခအနေနဲ့ဘုရားရှင်ကဆွမ်းတော်ကိုစွန့်တော်မူမှာပေါ့ ။ ‘ဟဲဟဲတော်ပီ အလုပ်တွေကလည်းလုပ်စရာအများကြိး ‘ အေးလေ မင်းတို့ပဲဆွမ်းတော်ပွဲလုကောက်လို့ရန်ဖြစ်ကြတာဆို။ ဟိုကောင်နှစ်ကောင် မင်းတို့ဆွမ်းတော်ပွဲနောက်ရက်လုကြဦးမှာလား ။ တော်ပီဆွမ်းတော်ပွဲမကောက်ချင်တော့ဘူး L  မင်းတို့မစားစေချင်လို့မဟုတ်ပါဘူးကွ မင်တို့အပြစ်မဖြစ်အောင် ဆွမ်းတော်စွန့်စားနည်းပြောပြတာပါ ။တော်ပြီဘုရား အမြတ်ဆုံးဆွမ်းကိုတော့မစားးချင်တော့ပါဘူး တပည့်တော်တို့ကဒီကျောင်းမှာ ဘုန်းကြီးသံဃာတော်တွေ ဘုဉ်းပေးပြီးမှစားသင့်တဲ့ ကျောင်းသားတွေပါဘုရား ။ အေးအေး မင်တို့မစားချင်ရင်လည်း နောက်ရက်ဆွမ်းတော်စွန့်ပြီးရင် ကျောင်းကကံကောင်းတို့ ၀တုတ်တို့ကျွေးလိုက်ပေါ့ ဆေးတာတော့ အလှည့်ကျကောက်ဆေးရမှာပဲနော် ။ ‘ဟင် ဦးဇင်းကလည်း ကျောင်းကခွေးတွေ ဘုဉ်းနိမ့်ကုန်မှာပေါ့ ‘ကျောင်းသားလေးတစ်ယောက်က၀င်ပြောတယ် ။သြော်မောင်ကျောင်းသားရယ် ဘုန်းကံမရှိလို့မှ ခွေးဘ၀ရောက်ရပါပြီဆို သူတို့ဘုန်းကံဘာဆိုတာတောင်သိမှာမဟုတ်ပါဘူးဟ ။မင်းတို့မစားချင်မှ သူတို့ခမျာ စားကြွင်းစားကျန်လေးစားကြရတာပါ ခွေးတစ်ကောင်ကြွေးရင် ဘ၀ငါးရာ အစားအသောက်တွေပေါပြီး မငတ်ဘူးလို့ဘုရားဟောထားတယ်ဗျာ နောင်ဘ၀တွေပါ ဟင်းကောင်းတွေစားချင်တဲ့ကောင်တွေ ။ဒီဘ၀မှာမစားပဲနဲ့ ကျွေးလိုက်ပေါ့ဗျာ။ တင်ပါဘုရား အဲဒါအကောင်းဆုံးပဲ ဟဲဟဲ ။ အေးအေး ဟိုနှစ်ကောင်ရှေ့လာခဲ့ !  ယက်ကန်ယက်ကန်နဲ့ ရိုက်မှာကြောက်နေကြတယ်လေ ။လာပါကွ မင်းတို့ကိုဒီတစ်ခါမရိုက်တော့ဘူး နောက်တစ်ခါရန်ဖြစ်လို့ကတော့ ဒီတစ်ခါကအကြွေးပါပေါင်းရိုက်မယ် ။ကျောင်းမှာရန်ဖြစ်ရင် ကျောင်သားစာရင်းပယ်ပြီး အိမ်ပြန်ပို့မယ် ချစ်ချစ်ခင်ခင်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေကြပေါ့ကွာ အေးအေး အားလုံးသွားကြတော့ ဆိုတော့မှ ‘ တင်ပါး တင်ပါး တင်ပါး နဲ့အော်ဟစ်ကာ ကျောင်းအောက်ပြေးဆင်းသွားကြတော့တယ် ။ အင်းကလေးဘ၀ဆိုတာကလည်း စားမယ်ဆော့မယ် ကစားမယ် ဒါပဲသိကြတာပါလားနော်လို့ တွေးလိုက်မိပြီး ကလေးတွေရဲ့ပေါ့ပါးလွတ်လတ်မှုမျိုးနဲ့ကိုယ်ပါနေရထိုင်ရပေါ့ပါးသွားသလိုခံစားသွားလိုက်မိတယ်။
                  ( တောဘုန်းကြီး )

1 comment:

  1. ညီတော်မောင်က အတော် ရေးတတ်နေပီနော်..။

    ReplyDelete